Monday, August 22, 2016

thumbnail

လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်သို့ အခင်းမဖြစ်မီ ရက်ပိုင်းက လူစိမ်းသုံးဦး လာရောက် အကဲခတ်ကာ ဓာတ်ပုံရိုက်သွားခဲ့ကြောင်း သေဆုံးသူ အမျိုးသမီး၏ မိခင်ပြောကြား


Online မှတစ်ဆင့် ပြန့်နှံ့ခဲ့သည့် အခင်းမဖြစ်မီ ရက်ပိုင်းက လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သော နေအိမ်သို့ လာရောက်ခဲ့သည် ဆိုသည့် မသင်္ကာသူများ၏ မှတ်တမ်းဓာတ်ပုံ

မင်္ဂလာဒုံမြို့နယ်ရှိ လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်သို့ အခင်းမဖြစ်မီ ရက်ပိုင်းက လူစိမ်းသုံးဦး လာရောက်အကဲခတ်ကာ ဓာတ်ပုံရိုက်သွားခဲ့ကြောင်း သေဆုံးသူ၏ မိခင်က The Daily Eleven သတင်းစာသို့ သြဂုတ် ၂၂ရက်တွင် ပြောကြားသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၀ ရက် နံနက် ၆ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပတ္တမြားမြို့သစ်၊ မြအေးချမ်းလမ်းသွယ် (၂)၊ န၀ရတ်လမ်းထောင့်နေ ဒေါ်ရီရီနွဲ့ (၅၄) နှစ်သည် ရွှေပြည်သာမြို့နယ်ရှိ ဆွေမျိုးများနေအိမ်မှ ပြန်လာစဉ် နေအိမ်ခြံဝင်းတံခါးနှင့် နေအိမ်တံခါးမကြီးမှာ ပိတ်ထားသည်ကို တွေ့ရှိရသဖြင့် နေအိမ်တွင် ကျန်ခဲ့သည့် သမက်ဖြစ်သူ ရဲအရာရှိဟောင်း ကိုစိုးနောင် (၃၇) နှစ်၏ ဖုန်းနှင့် သမီးဖြစ်သူ မချယ်ရီပွင့် (၃၃) နှစ်၏ဖုန်းကို ဆက်သွယ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆက်သွယ်စဉ် မရသဖြင့် အနီးပတ်ဝန်းကျင်ရှိ လူနှစ်ဦးအားခေါ်ပြီး နေအိမ်ပြတင်းပေါက်မှ တစ်ဆင့် ၀င်ရောက်ကြည့်ရှုခိုင်းခဲ့ပြီး နေအိမ်တံခါးအားဖွင့်ရာ နေအိမ်အတွင်း၌ သမက် ကိုစိုးနောင် (၃၇)နှစ်၊ မြေးကြီး မောင်ဟန်သူရ (၁၃) နှစ်တို့မှာ နေအိမ်ရှေ့ခန်းတွင် လည်းကောင်း၊ မြေးငယ်ဖြစ်သူ မောင်စွမ်းထက်မြက်မှာ အိပ်ခန်းအတွင်းရှိ အိပ်ရာပေါ်တွင် လည်းကောင်း၊ သမီးဖြစ်သူ မချယ်ရီပွင့်မှာ မီးဖိုချောင်ထဲတွင် လည်းကောင်း ဓားထိုးဒဏ်ရာများဖြင့် လဲကျသေဆုံး နေသည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ရဲတာဝန်ရှိသူများ လာရောက်စစ်ဆေးရာ ကိုစိုးနောင်မှာ ရင်အုံထိုးသွင်းဒဏ်ရာ လေးချက်၊ မချယ်ရီပွင့်မှာ နောက်ကျော၊ မေးစေ့၊ ချိုင်းအောက်၊ ရင်ဘတ်နှင့် ဦးခေါင်းတို့တွင် ထိုးသွင်းဒဏ်ရာ ရှစ်ချက်၊ မောင်ဟန်သူရတွင် ၀မ်းဗိုက်၊ ၀ဲဘက်နံဘေး၊ ၀ဲလက်မောင်းနှင့် ညှပ် ရိုး၊ လည်ပင်းအောင် ညှပ်ရိုးနှစ်ခု ကြားတို့တွင် ထိုးသွင်းဒဏ်ရာငါးချက်၊ မောင်စွမ်းထက်မြက်တွင် လည်ပင်းအောက် ညှပ်ရိုးနှစ်ခုကြား၊ ယာရင်အုံ၊ ယာချိုင်းအောက်တို့တွင် ထိုးသွင်းဒဏ်ရာ သုံးချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ အခင်းမဖြစ်ပွားမီ တစ်ပတ်အလိုတွင် လူစိမ်းနှစ်ဦးမှာ ဦးစွာလာရောက် အကဲခတ်နေသည်ကို ဒေါ်ရီရီနွဲ့က တွေ့ရှိခဲ့ပြီး သမီးဖြစ်သူ မိသားစုအား သတိထား နေထိုင်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

“ဒီအိမ်ပြောင်းလာတာ ခုနှစ်လ အတွင်းမှာ လူဝင်လူထွက် မရှိပါဘူး။ ဒါပေမဲ့ သမီးတို့ မိသားစု ဒီလိုအသတ် မခံရခင် တစ်ပတ်လောက်က လူစိမ်းနှစ်ယောက် အန်တီတို့အိမ်ကို လာအကဲခတ် နေတာကိုတော့ သတိပြုမိတယ်။ အဲဒါကိုတွေ့လို သမီးတို့ကို သတိနဲ့နေဖို့ ပြောထားသေးတယ်” ဒေါ်ရီရီနွဲ့က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဆက်လက်၍ ၎င်းက “အဲလိုနဲ့ အခင်းမဖြစ်ခင် နှစ်ရက်လောက်က သမီးက အန်တီကို အိမ်ကိုလာ အကဲခတ်ပြီး ဓာတ်ပုံရိုက် သွားတယ်လို့ လာပြောတယ်။ သူတို့ကို သမီးက အိမ်ထဲက ဓာတ်ပုံရိုက်ထား လိုက်တယ်လို့ ပြောတယ်။ အဲဒီပုံကို အန်တီကြည့်တော့ အရင်လာကြည့်တဲ့ လူနှစ်ယောက်အပြင် ဆံပင်အရှည်နဲ့ လူတစ်ယောက်ပါ ပိုပါလာတယ်။ သုံးယောက်လုံးက အသားမဲမဲတွေ ဖြစ်တယ်” ဟု ပြောကြားသည်။

အသတ်ခံရသည့် ရဲအရာရှိဟောင်းဖြစ်သူ ကိုစိုးနောင်၏ဘေးတွင် ၁၁ လက်မအရွယ် ငါးမန်းစွယ် ဓားတစ်ချောင်း တွေ့ရှိခဲ့ခြင်းနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက “အဲဒီဓားက ကိုစိုးနောင်ကိုင်တဲ့ဓား ဖြစ်ပါတယ်။ ဓားမှာတော့ သွေးတွေပေကျံ နေတာကိုတော့ တွေ့ရတယ်။ အဲဒီဓားအပြင် အခင်းဖြစ်နေအိမ်က ဖုန်းငါးလုံးကို ရဲလုပ်ငန်းစဉ်အတိုင်း စစ်ဆေးနေပါတယ်။ ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရမိအောင် မြို့နယ်ရဲတပ်ဖွဲ့ရယ်၊ တိုင်းရဲတပ်ဖွဲ့ရယ်၊ စီအိုင်ဒီရဲတပ်ဖွဲ့ရယ် ပူးပေါင်းဆောင်ရွက် နေပါတယ်” ဟု ပြောကြားသည်။

အဆိုပါကဲ့သို့ ကိုစိုးနောင်၏ဘေးတွင် ဓားတွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ အနီးပတ်ဝန်းကျင် လူများက လူသတ်မှု ကျူးလွန်သူများကို ၎င်း၏ဓားဖြင့် ပြန်လည်ခုခံရင်း သေဆုံးခဲ့ရခြင်း ဖြစ်မည်ဟု သုံးသပ်နေကြကြောင်း သိရသည်။

Facebook တွင် ပြန့်နှံ့နေသည့် လေးလောင်းပြိုင် လူသတ်မှုမှ သံသယရှိသူသုံးဦး ဓာတ်ပုံနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးအား ဆက်သွယ် မေးမြန်းရာ စုံစမ်းစစ်ဆေးနေဆဲသာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ရဲအရာရှိဟောင်း ကိုစိုးနောင်မှာ ရန်ကုန်တိုင်းဒေသကြီးရှိ ရဲတပ်ရင်းအမှတ်(၈)၊ ဧရာဝတီတိုင်းဒေသကြီး၊ အမြန်လမ်း ရဲတပ်ဖွဲ့တို့ တွင် ရဲတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်း၏သဘောဖြင့် ရဲတာဝန်မှ နှုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း မသေဆုံးမီအထိ ရွှေပြည်သာမြို့နယ်တွင် အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ကိုင်ခဲ့ကြောင်း ဆွေမျိုးသားချင်းများထံမှ စုံစမ်းသိရှိရသည်။

“အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ပါတယ်။ စိုးနောင်အလုပ်က သိပ်အဆင်မပြေလို့ အရင်သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲတပ်ရင်းက သူ့ဆရာတစ်ယောက် ပြောပေးတဲ့ အလုပ်မှာ တစ်လကို လေးသိန်းနဲ့ အလုပ်လုပ်ဖို့ ပြင်နေတယ်လို့ သမီး အန်တီကို ပြောထားတာတော့ရှိတယ်” ဟု ဒေါ်ရီရီနွဲ့က ပြောကြားသည်။

နေအိမ်ကို ညအိပ်ချိန်တွင် တံခါးများ၊ ဘေးရွှေ့အလူမီနီယံကွပ် မှန်ပြတင်းပေါက်များ အားလုံးကို ပိတ်အိပ်လေ့ရှိသော်လည်း ယင်းပြတင်းပေါက်များအနက် တီဗီအင်တနာ ကြိုးတပ်ထားသည့် အိပ်ခန်းတစ်ခန်း၏ ပြတင်းပေါက် တံခါးမှာ လော့ချ၍ မရဘဲ အဆိုပါ ပြတင်းပေါက်မှ ကျူးလွန်သူ ၀င်ရောက်ကာ သတ်သွားခြင်း ဖြစ်ကြောင်း သေဆုံးသူတို့၏ ဆွေမျိုးများ ပြောကြားချက်အရ သိရသည်။

အဆိုပါ လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်တွင် မြအေးချမ်း လမ်းသွယ်(၂)တွင် တည်ရှိပြီး လူနေအိမ်များနှင့် အနည်းငယ်ဝေးပြီး ရက်စက်စွာ အသတ်ခံရသည့် မိသားစု လေးဦးမှာလည်း ရပ်ကွက် အတွင်းတွင် အေးချမ်းစွာနေ ထိုင်နေကြသူများ ဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ စုံစမ်းသိရှိရသည်။

အခင်းမဖြစ်မီ ရက်ပိုင်းက နေအိမ်သို့ လာရောက်ခဲ့သော လူစိမ်းသုံးဦးနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို သိရှိသူများ၊ ၎င်းတို့နှင့် ဆက်စပ် ပတ်သက်သူများ အနေဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ လာရောက်ကူညီ အသိပေး အကြောင်းကြားရန် လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် ပေါ်ထွက်ခဲ့သော ဓာတ်ပုံပါ ကာယကံရှင်များ အနေဖြင့်လည်း သတင်းပြန့်နှံ့ နေသည့်အတိုင်း မိမိတို့ အနေဖြင့် မဟုတ်ခဲ့ပါက သက်ဆိုင်ရာသို့ သွားရောက်ရှင်းလင်းရန် လိုအပ်မည်ဖြစ်ပါသည်။  

ယင်းဖြစ်စဉ်ကို ထောက်ကြန့် နယ်မြေရဲစခန်းက (ပ)၅၀၃/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 
Credit: http://news-eleven.com/local/24020

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.