ရန်ကုန်၊ အောက်တိုဘာ ၂၄


ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသည့် မုန်တိုင်းငယ်သည် ၂၄ နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ရောက်ရှိနိုင်ပြီး ယင်းအရှိန်ကြောင့် ရန်ကုန် အပါအဝင် ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။


မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်း ပေါ်ဒေသသို့) ဦးတည်နေသည့် ဆိုင်ကလုန်း မုန်တိုင်းသည် ပြန်ကွေ့ကာ မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဖြစ်ကြောင်း၊ ယင်းမုန်တိုင်း အရှိန်ကြောင့် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၇ ရက် နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာကာ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


အောက်တိုဘာလ ၂၄ ရက်နေ့ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ မြောက်-အနောက်မြောက်ဘက် ၁၅၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက် မြောက်ဘက် ၇၅ မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် ၈၅ မိုင်ခန့်၊ ဂွမြို့၏ အနောက်တောင်ဘက် ၉၅ မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်-အနောက် တောင်ဘက် မိုင် ၁၇ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်သည်။ 


ထို့ပြင် မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းဒေသ)သည် အဆိုပါ အားကောင်းသည့် မုန်တိုင်းငယ်၏ အဝန်းအဝိုင်းအတွင်း ရောက်ရှိနေသည့်အတွက် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ အထိ တိုက်ခတ်နိုင်ပြီး မုန်တိုင်း ဒီရေ အမြင့်ဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် ရခိုင်ပြည်နယ် တောင်ပိုင်း၊ သံတွဲခရိုင်တို့တွင် နှစ်ပေမှ ငါးပေခန့်အထိ မြင့်တက်နိုင်ကြောင်း အဆိုပါ ဌာနက သတိပေးထားသည်။


လက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေပြီး မြစ်ဝကျွန်းပေါ် ဒေသသို့ ဦးတည်နေသည့် မုန်တိုင်းသည် ပြန်ကွေ့နေပြီး အိန္ဒိယနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားနေခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသသို့ အနီးကပ်ဆုံး မုန်တိုင်းဖြတ်သန်းစဉ်တွင်ပင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၈ မိုင်ဝန်းကျင်ခန့် ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။


အဆိုပါ မုန်တိုင်းငယ် အရှိန်ကြောင့် မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်း ဖြစ်ပေါ်နိုင်ရာ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများသည် မြေပြိုမှု အန္တရာယ်အပြင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များတွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ယင်းအနီး နေထိုင်ကြသူများသည် ကြိုတင် သတိပြု နေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ပြည်တွင်း ရေကြောင်း သွားလာရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်း ရေယာဉ်များနှင့် သင်္ဘောများသည် သတိပြု ထွက်ခွာရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားသည်။


ယင်းမုန်တိုင်းသည် ပုသိမ်မြို့၏ အနောက်ဘက် ၁၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရောက်ရှိ ဗဟိုပြုနေပြီး မူလ လမ်းကြောင်း ခန့်မှန်းချက် ရခိုင်ကမ်းရိုးတန်းအတိုင်း မြောက်-အနောက်မြောက်သို့ ရွေ့လျားမည့်လမ်းကြောင်း ခန့်မှန်းချက် ပျက်ပြယ်၍ အနောက်-အနောက် မြောက်ယွန်းယွန်းသို့ ဆက်လက် ရွေ့လျားမည်ဖြစ်ကြောင်း၊ ယင်းသို့ နောက်ဆုံးရ လမ်းကြောင်းအတိုင်း ဆက်လက် ရွေ့လျားပါက ရခိုင်ပြည်နယ် ကမ်းရိုးတန်း တစ်လျှောက် ကြုံတွေ့ရနိုင်သည့် လေပြင်း တိုက်ခတ်ခံရမည့် အန္တရာယ်မှာ လျော့နည်းနိုင်ကြောင်း မိုးလေဝသနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လေ့လာတင်ပြနေသည့် MMweather Page တွင် ဖော်ပြထားသည်။


AML

MMBREAKINGNEWS


The Voice

http://thevoicemyanmar.com/news/3017-storm

0 comments so far,add yours