Monday, October 24, 2016

thumbnail

ရေယာဉ် နစ်မြုပ်ရာတွင် ဝိုင်းဝန်းရှာဖွေ ကယ်ဆယ်ခဲ့သူများနှင့် အသင်းအဖွဲ့များကို ကျပ်သိန်း ၂ဝဝ လှူဒါန်းမည်

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိကျောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ်တွင်းသွား အောင်စိုးမိုးကျော်  ရေယာဉ် နစ်မြုပ်မှုတွင် ဝိုင်းဝန်းရှာဖွေ ကယ်ဆယ်ခဲ့သည့်သူများနှင့် အသင်းအဖွဲ့များထံ ငွေကျပ်သိန်း ၂ဝဝ ကို စင်ကာပူ အခြေစိုက် ကုမ္ပဏီ ခုနစ်ခုနှင့် Living Color Media တို့က ယနေ့ (အောက်တိုဘာလ ၂၅ ရက်) တွင် သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရှိရသည်။

ရေယာဉ် နစ်မြုပ်မှုတွင် ဝိုင်းဝန်း ရှာဖွေကူညီခဲ့သည့် ရေငုပ်အဖွဲ့မှ ဒေသခံ ငါးဦး၊ မီးသတ်တပ်ဖွဲ့ဝင် လေးဦး၊ တပ်မတော်သား နှစ်ဦးနှင့် မိကျောင်းတွင်း ကျေးရွာနေ ဒေါ်ဝင်းကြည်တို့ကို တစ်ယောက်လျှင် ကျပ်ဆယ်သိန်းစီ လှူဒါန်းသွားမည်ဖြစ်ပြီး ကျန် ကျပ်သိန်း ၈ဝ ကို ရေယာဉ် နစ်မြုပ်ရာတွင် ဝိုင်းဝန်း ကယ်ဆယ်သည့် အသင်းအဖွဲ့များ၊ နာရေး ကူညီမှုအသင်း၊ တိုက်နယ်ဆေးရုံနှင့် မီးသတ်တပ်ဖွဲ့တို့ထံ ပေးအပ် လှူဒါန်းမည် ဖြစ်သည်။

ရေနစ် သေဆုံးသူများ၏ ရုပ်အလောင်းများကို နိုင်ငံတကာကဲ့သို့ မျက်နှာဖုံး၊ လက်အိတ်များ အသုံးပြုကာ စနစ်တကျ ဆယ်ယူနိုင်ခြင်း မရှိသော်လည်း လူတိုင်း မကိုင်တွယ်လိုသည့် ယင်းပုပ်ပွနေသော အလောင်းများကို သာမာန်လူ မလုပ်နိုင်သည့်ကြားက ဝင်ရောက်ကူညီ ဆယ်ယူပေးသူများကို ချီးကျူး ဂုဏ်ပြုသည့် အနေနှင့် လှူဒါန်းခြင်းဖြစ်သည်။

စင်ကာပူအခြေစိုက် Han Myanmar Co.,Ltd ဝန်ထမ်းမိသားစု၊ Golden Orchid Co.,Ltd ဝန်ထမ်း မိသားစု၊ Special Style Co.,Ltd ဝန်ထမ်းမိသားစု၊ KOOK Trading Pte Co.,Ltd ဝန်ထမ်းမိသားစု၊ Airtech Co.,Ltd ဝန်ထမ်းမိသားစု၊ Cool City Zone Co.,Ltd ဝန်ထမ်းမိသားစု၊ Advance Vision Co.,Ltd ဝန်ထမ်း မိသားစုနှင့် Living Color Media Co.,Ltd ဝန်ထမ်း မိသားစုတို့က စုပေါင်း လှူဒါန်းသွားမည်ဖြစ်သည်။

အောက်တိုဘာလ ၁၅ ရက် နံနက် အစောပိုင်းက နစ်မြုပ်ခဲ့သည့် အမြန် ရေယာဉ်ကို အောက်တိုဘာလ ၁၉ ရက်တွင် ကရိန်းဖြင့် ဆယ်ယူရာ၌ အထူးခန်းများအတွင်း ပိတ်မိနေသည့် ခရီးသည် ရုပ်အလောင်းများကို သယ်ထုတ်ခဲ့သူ မုံရွာ မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်သား မြနိုင်၊ တပ်သား တင့်လွင်ဦး၊ တပ်သားဇော်လင်း မောင်၊ တပ်သားဇော်ဌေးနှင့် မုံရွာတပ်နယ်မှ တပ်သား အောင်ဆန်းဦး၊ တပ်သား  ကျော်ဇေယျတို့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ထူးဆောင် လက်မှတ်များ ချီးမြှင့်မည်ဖြစ်သည်။

ခရီးသည် ၂၃၉ ဦး လိုက်ပါလာသည့် အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်မှုတွင် ရေယာဉ်လုပ်သား လေးဦး အပါအဝင် ခရီးသည် ၁၅၅ ဦး အသက်ရှင်ခဲ့ပြီး ခရီးသည် ၇၃ ဦး၏ ရုပ်အလောင်းများကို ပြန်လည် တွေ့ရှိခဲ့ကာ မျောပါ ခရီးသည် ခုနစ်ဦးခန့် ရှိကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

The Voice
http://thevoicemyanmar.com/news/3018-sink

MMBREAKINGNEWS

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.