ကျိုင်းတုံ၊ အောက်တိုဘာ ၂၃


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စု ဝမ်လောက်ရွာလမ်းပေါ်၌ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါး လှည့်လည်ရောင်းချသူ တစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ မူးယစ်တပ်ဖွဲ့စ (၂၈) ထံမှ စုံစမ်းသိရသည်။


မူးယစ်ဆေးဝါး သတင်းအရ ယင်းကျေးရွာလမ်းပေါ်၌ စောင့်ဆိုင်းနေစဉ် ဝမ်ပျဲန်ရွာဘက်မှ ကျိုင်းဖောင်းရွာဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်ရှေ့ခြင်း အတွင်းမှ ငွေကျပ် သိန်း ၅၀ ခန့် တန်ဖိုးရှိ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၁၉၀၀ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ယင်းတပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်ဝင်းထွန်းက ပြောကြားသည်။

“တရားခံက နမ့်ကိုင်ရွာမှာနေပြီး မူးယစ်ဆေးဝါးတွေ ကိုယ်တိုင်သုံးစွဲတဲ့အပြင် လှည့်လည်ဖြန့်ဖြူးရောင်းချနေတာ။ ပင်ရင်းသူဝယ်ယူခဲ့တဲ့ ဟွေပုံရွာက ကွင်းဆက်တရားခံကတော့ ထွက်ပြေးလွတ်မြောက်သွားလို့ ဖမ်းဆီးရမိဖို့ ကြိုးစားနေတယ်” ဟု ၎င်းက ဆိုသည်။


ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၄၀ ခန့်အရွယ် ကျဘိုနှင့် ကွင်းဆက်တရားခံ အသက် ၂၀ နှစ်ခန့်အရွယ် ကျဘာခဲတို့ နှစ်ဦးကို မယ (ပ) ၁၄၀/၂၀၁၆၊ မူး/စိတ်ပုဒ်မ-၁၅/၁၉ (က)/ ၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။


အလားတူ အဆိုပါနေ့ မွန်းလွဲပိုင်းက ယင်းမြို့အမှတ် (၄) ရပ်ကွက် နမ့်လပ်ချောင်းဘေးရှိ မူးယစ်ဆေးသုံးစွဲသူများကို ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ရွာလူထု ပူးပေါင်းဖမ်းဆီးခဲ့ရာ လူငယ်သုံးဦး ထွက်ပြေးလွတ်မြောက်သွားပြီး အသက် ၁၉ နှစ်အရွယ် စိုင်းကျန်ထံမှ စိတ်ကြွဆေးပြား ၁၇၄ ပြား ဖမ်းဆီးရမိ၍ မယ(ပ)၁၃၉/၂၀၁၆၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။


ဓာတ်ပုံ - ZWT


Ref; The Voice

http://thevoicemyanmar.com/news/2984-sgp

0 comments so far,add yours