Wednesday, November 30, 2016

thumbnail

ဧည့်သည် ရဟန်းမှ ညအိပ်အဖော် ကျောင်းသားကို အဓမ္မလိင်တူဆက်ဆံမှု ရခိုင်တွင်ဖြစ်ပွား

စစ်တွေ၊ နိုဝင်ဘာ ၃၀ ရက်။

ညအိပ်တည်းခိုရန် ရောက်ရှိနေသည့် ဧည်သည့် သင်္ဃာတစ်ပါးသည် အဖော်အဖြစ် အသက် (၈) နှစ်အရွယ် ယောင်္ကျားငယ် တစ်ဦးကို ခေါ်ယူခဲ့ပြီး အတင်းဓမ္မ လိင်တူဆက်ဆံမှု ကျူးလွန်ခဲ့ကြောင်း ပေါက်တော မြို့နယ် ရဲစခန်းက အတည်ပြုသည်။

အဆိုပါ ဖြစ်ရပ်မှာ နိုဝင်ဘာ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ င/ရဘချိုင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျောင်းထိုင်ဆရာတော် မရှိချိန်လည်း ဖြစ်သည်။

ကျူးလွန်သူ သံဃာမှာ အခင်းဖြစ်ပွားခဲ့သည့်နေ့ နေ့လည်ပိုင်းက င/ရဘချိုင်ကျေးရွာကို ရောက်ရှိ လာခဲ့ပြီး ကျေးရွာနေ ကျောင်းသား၊ ကျောင်းသူ (၅) ဦးနှင့် အတူ ဘုန်းတော်ကြီးကျောင်းတွင် ရှိနေခဲ့သည်ဟု မြို့မရဲစခန်းမှ ပြောသည်။

“ နေ့လည်ဘက်မှာ ကျောင်းသူ အမျိုးသမီးငယ်တစ်ဦးကို မုဒိန်းပြုကျင့်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ညနေကျမှ အဖော်ခေါ်အိပ်တဲ့ ကျောင်းသား အမျိုးသားငယ်ကို ပြုကျင့်ခဲ့တာပါ။ ” ဟု ပေါက်တောမြို့မ ရဲစခန်းမှ အမှု စစ်ရဲအရာရှိ ရဲအုပ်သန်းဌေးက ပြောသည်။

၎င်းသံဃာသည် နေ့လည်ဘက်တွင် ကျောင်းသား (၃) ဦးနှင့် ကျောင်းသူ (၁) ဦးတို့ကို နေအိမ်သို့ ပြန်ခိုင်းခဲ့ပြီး ကျန် ကျောင်းသူငယ် အသက် (၁၂) နှစ်အရွယ်ကို နင်းနှိပ်စေခိုင်းခြင်း၊ အမျိုးသမီးငယ်ကို ၎င်း၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများက ပြသခြင်းတို့ကို ပြုလုပ်ပြီး မုဒိန်းပြုကျင့်ရန် ကြံစည်နေစဉ် နေအိမ်ပြန်သွားခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၄) ဦးမှ ဘုန်းတော်ကြီးကျောင်းအနီး ရေကန်တွင် ရှိနေသော လူကြီးတစ်ဦးကို အကူအညီတောင်းခံရာမှ ကြံစည်မှု မအောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း အမှုစစ်ရဲအရာရှိ ပြောကြားချက်အရ သိရသည်။

ယင်းအပြင် ညနေစောင်းချိန်တွင် နောက်ထပ်ကျောင်းသားတစ်ဦးဖြစ်သည့် အသက် (၈) နှစ်အရွယ် မောင် – — – –  ကို ကျောင်းတွင် ညအိပ်အဖော်အဖြစ် လိုက်အိပ်ပေးရန် အကူအညီတောင်းခဲ့ကြောင်း သိရသည်။

“ ကလေးက အိပ်နေပြီ။ ည (၁၁) နာရီကျော်လောက်မှာ အတင်းဓမ္မ လိင်တူဆက်ဆံမှုကို ကျူးလွန်ခဲ့တာပါ။ အဲဒီဘုန်းကြီးကို ကြည့်ရတာ စိတ်မနှံ့သလိုပဲ။ သူ့ကို ပေါက်တောရဲစခန်းမှာ ယခု ကျေးရွာအုပ်စု တာဝန်ခံကိုယ်တိုင် တရားလိုအဖြစ်နဲ့ အမှုဖွင့်ထားပါတယ်။”  ဟု ရဲအုပ် သန်းဌေးက ပြောသည်။

နိုဝင်ဘာ ၂၈ ရက်နေ့တွင် အဓမ္မပြုကျင့်ခံခဲ့ရသူ မောင် – – – – က မိဘများကို ပြောပြခဲ့သဖြင့် ကျူးလွန်သူ သင်္ဃာ ဝဏ္ဏသီရီ (လူအမည် မောင်ခင်ညွန့် အသက် ၅၆ နှစ်အရွယ်) ကို သံဃာ့ဂိုဏ်းတွင် တိုင်ကြားရန် ပြင်ဆင်နေစဉ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကျောင်းထိုင် ဆရာတော်ရောက်ရှိ လာပြီး ၎င်းအား လူဝတ်လဲကာ ရဲစခန်းသို့ ပို့ဆောင်စေခဲ့ခြင်း ဖြစ်သည်။

“ သူ့ဇာတိက စစ်တွေမြို့အနောက်စံပြကပါ။ ကိုရင်ဝတ်တာလဲ အဲဒီမှာဝတ်တာဖြစ်ပါတယ်။ သူက ကျောင်းအတည်တကျ မရှိဘူး။ ဟိုသွားဒီသွားနေတယ်။ အလှူခံတယ်။ အရင်ကလဲ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ မြို့နယ်တွေမှာ ရဟန်းအဖြစ်နဲ့ နေခဲ့ပြီးတော့ ဆယ်နှစ်လောက် လူဝတ်ထွက်နေပြီးမှ အခု ရဟန်းပြန်ဝတ်တာ ၉ လလောက်ပဲ ရှိသေးတယ်လို့ သိရပါတယ်။” ဟု ပေါက်တောမြို့မ ရဲတပ်ဖွဲ့ကပြောသည်။

ကျူးလွန်သူမှာ ပေါက်တောမြို့နယ်အတွင်း အခင်းမဖြစ်ပွားမီ လအနည်းငယ်ခန့်က င/ရဘချိုင်နှင့် အနီးဝန်းကျင် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် တည်းခိုနေထိုင်ခဲ့ပြီး င/ရဘချိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ယခုလ ၁၈ ရက်နေ့က ရောက်ရှိလာခဲ့ကာ ၁၀ ရက်မြောက်နေ့တွင် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားခံ မောင်ခင်ညွန့်အား ကျေးရွာတာဝန်ခံနှင့် ရွာသားများက နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပေါက်တောမြို့မရဲစခန်းသို့ လာရောက် အပ်နှံခဲ့ခြင်းဖြစ်ပြီး (ပ) ၁၆၈/၂၀၁၆၊ ပြစ်မှုဥပဒေပုဒ်မ ၃၇၇၊ ၃၅၄၊ ၂၉၅ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း ရဲစခန်းမှ တစ်ဆင့် သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်မှ စတင်ကာ သက်ငယ်မုဒိန်းမှုများ မြင့်တက်လာပြီး ပေါက်တောမြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း အလားတူ သက်ငယ်မုဒိမ်းမှု တစ်ခုဖြစ်ပွားခဲ့ပြီး တရားခံမှာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်သည်။

RiA

https://m.facebook.com/story.php?story_fbid=1806969062906792&id=1563545443915823

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.