အမေရိကန် နိုင်ငံအတွင်း ရီပတ်ဗလစ်ကန်ပါတီက သမ္မတလောင်း ကိုယ်စားလှယ် ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ နိုင်တာကို မကျေနပ်လို့ တနိုင်ငံလုံးမှာ ဆန္ဒပြ နေတာကို သောကြာနေ့က တွေ့ရတာပါ။


ပို့တ်လန်း မြို့မှာ ဆန္ဒပြသူတွေက ရဲတွေကို ပစ္စည်းတွေနဲ့ ပစ်ပေါက် ခဲ့ကြပြီး ကားရောင်းဝယ်ရေး ဝင်းထဲက ကားတွေကို ဖျက်ဆီးခဲ့တယ်လို့ ပို့တ်လန်း ရဲဌာနက တွစ်တာ လူမှုကွန်ယက်ကနေ ပြောပါတယ်။


ဆန္ဒပြသူ တချို့က ကားတွေ၊ အဆောက်ဦတွေပေါ်မှာ ဂရပ်ဖတီပုံတွေကို မှုတ်ဆေးတွေနဲ့ ရေးခဲ့ပြီး တချို့က စတိုးဆိုင် မျက်နှာစာ မှန်တွေကို ရိုက်ခွဲခဲ့တယ်လို့ ပို့တ်လန်းမြို့က မီဒီယာတွေက ပြောပါတယ်။


ကာလီဖိုးနီးယား ပြည်နယ် အုတ်ခ်လန်း မြို့မှာလည်း ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ပြည်နယ်ချင်းဆက်တဲ့ အဝေးပြေးလမ်း အမှတ် ၅၈၀ ကို ပိတ်ဆို့ ချီတက် ခဲ့ပါတယ်။


ရဲတွေကတော့ ငြိမ်းချမ်းပြီး စနစ်ကျတဲ့ ဆန္ဒပြပွဲတွေကို ကြီးကြပ် ပေးနေကြ ပါတယ်။


ဒေါ်နယ်ထရမ့်ဟာ ရွှေ့ပြောင်းနေထိုင် သူတွေ မွတ်စလင်တွေ အမျိုးသမီးတွေနဲ့ တခြားလူတွေအပေါ် အမုန်းပွားစေမယ့် စကားတွေနဲ့ မဲဆွယ်ခဲ့သူပါ။


ဒါ့အပြင် လူဖြူကြီးစိုးရေး အစွန်းရောက် ဝါဒီ ကူကလပ်စ်ကလန် အဖွဲ့နဲ့ တခြား လူဖြူအစွန်းရောက်တွေ ဆီက ပံ့ပိုးမှုတွေနဲ့ ပေါင်းလိုက်ရင် လူနည်းစုတွေအပေါ် သည်းမခံမှု လှိုင်းတွေ ပေါက်ပွားလာနိုင်တယ်လို့ ပြောရင်း ဝေဖန်သူ တွေက စိုးရိမ်နေကြပါတယ်။


ဗုဒ္ဓဟူးနေ့က မဲရလဒ်ကို လက်ခံတဲ့မိန့်ခွန်းအတွင်း ပိုမို ပေါင်းစည်းရေး လေသံပစ်ခဲ့တဲ့ ထရမ့်က အမေရိကန် နိုင်ငံသား အားလုံးရဲ့ သမ္မတ ဖြစ်လာစေရမယ်လို့ ကတိပြုခဲ့ပါတယ်။


DVB TV News

0 comments so far,add yours