Saturday, November 26, 2016

thumbnail

လယ်တီဆရာတော် ဘုရားကြီးနှင့် အမဲသား ...

လယ်တီဆရာတော် ဘုရားကြီးသည်လည်း အမဲသားစားခြင်းကို တားမြစ်တော်မူခဲ့သည်။ ဆရာတော်ကြီးသည် ၁၂၄၇-ခုနှစ်တွင်သီပေါမင်းကို အင်္ဂလိပ်တို့ ဖမ်းယူသွားပြီး မြန်မာနိုငံကို အုပ်ချုပ်တော့မည်ဟု ကြားသိရသောအခါ စိတ်မသက်မသာဖြစ်မိသည်။


ဆရာတော်ကြီးက မြန်မာနိုင်ငံကို အင်္ဂလိပ်များ အုပ်ချုပ်လျှင် ကုန်း

သတ္တဝါတွေများစွာ သေကျေပျက်စီးတော့မည်။ အနောက်နိုင်ငံသား အင်္ဂလိပ်တို့သည် အသားစားမှု အားကြီးသော လူမျိုးများဖြစ်ကြသည်။ သူတို့ရောက်လာကြလျှင် နွားသတ်ရုံ၊ ဝက်သတ်ရုံ၊ ဆိတ်သတ်ရုံတွေ အများအပြား ပေါ်ပေါက်လာတော့မည်။ နွား၊ ဝက်၊ ကြက်၊ ငှက်၊ ဘဲ၊ ဆိတ်စသော ကုန်းသတ္တဝါများ သေကိန်းကြီးဆိုက်တော့မည်ဟု ဆင်ခြင်တော်မူမိသည်။


သို့ဖြင့် တပည့်ရဟန်းတော်များအား“ဦးပဉ္စင်းတို့၊ ယခု မြန်မာနိုင်ငံကို ကုလားဖြူများ အုပ်ချုပ်တော့မယ်။ သူတို့အုပ်ချုပ်လျှင် ကုန်းသတ္တဝါတွေများစွာ သေကျေကြလိမ့်မယ်။ ကုန်းသတ္တဝါ တွေအနက် နွားသတ္တဝါတွေများဟာ လူတို့ရဲ့ အသက်

သခင် ဖြစ်ကြတယ်။ အမိသဖွယ်၊ အဖသဖွယ်လည်း ဖြစ်ကြတယ်။ လူတို့အပေါ်မှာ အလွန်ကျေးဇူးများတယ်။ သို့အတွက် သည်နေ့ကစပြီး နွားသားကို တပည့်တော်လဲ မစားဘူး၊ ကိုယ်တော်တို့လည်း မစားကြပါနဲ့”ဟု မိန့်တော်မူသည်။


ဤသို့ မိန့်တော်မူသည့်နေ့မှစ၍ ဆရာတော်ကြီးသည် နွားသားကို လုံးဝဘုန်းပေးခြင်း မပြုတော့ပေ။ တပည့်ရဟန်းတော်များကိုလည်း နွားသားကို ဘုဉ်းမပေးကြရန် အလှူခံတော်မူသည်။ တရားပွဲများ၌လည်း ပရိသတ်များအား နွားသားမစားရန် အလှူခံတော်မူသည်။


ဆရာတော်ကြီးသည် အမဲသားမစားရန် ဟောပြောခြင်းလည်းပြုသည်။ နွားမေတ္တာစာကိုလည်း ရေးသားတော်မူသည်။ ယင်းမေတ္တာစာကို ရိုက်နှိပ်၍ ဝေငှခြင်းလည်း ပြုတော်မူသည်။ ဤတွင် အသိန်းအသောင်း မကသော ထိုခေတ် ရှင်ရဟန်းတို့သည် နွားသားကို ရှောင်ကြဉ်ခဲ့ ကြသည်။


လယ်တီဆရာတော် ဘုရားကြီးသည် အမဲသားကိုရှောင်ကြဉ်ရန် ဆုံးမတော်မူသည်မှာ အချက်သုံးရပ်ရှိသည်။


(၁) ကျေးဇူးရှင်ကို ပြစ်မှားရာကျသဖြင့် ရှောင်ကြဉ်စေခြင်း ဖြစ်သည်။


(၂) နွားကို အခြေပြု၍ လုပ်ကိုင်နေရသော မြန်မာ့လယ်ယာလုပ်ငန်းကို မထိခိုက်စေလို၍ ဖြစ်သည်။


(၃) ထို့ပြင် အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ရာ၌ထိရောက်စေလို၍လည်း ဖြစ်သည်။


၁၂၇၂-ခုနှစ်၊ တပို့တွဲလတွင် စစ်ကိုင်းတစ်မြို့လုံး ပလိပ်ရောဂါဆိုးကြီး အကြီးအကျယ် ဖြစ်ပွားသည်။ ထိုရောဂါဘေးကို ကာကွယ်ရန် ဒကာများက လယ်တီဆရာတော်ဘုရားကြီးကို လာ၍ပင့်ကြသည်။ ဆရာတော်ကြီးလည်း ချက်ချင်းပင် လိုက်ပါတော်မူသည်။ ရောက်တော်မူသောအခါ ဤသို့ မေးတော်မူသည်။


“မင်းတို့မြို့မှာရှိတဲ့ သံဃာတော်များ ပရိတ်ရွတ်ခြင်း၊ ကမ္မဝါဖတ်ခြင်း ပြုလုပ်ပြီးအန္တရာယ်ကို မခုခံကြဘူးလား။”


“သံဃာတော်များ၊ ပရိတ်လဲရွတ်ကြပါတယ်။ ကမ္မဝါလဲ ဖတ်ကြပါတယ်ဘုရား၊ဒါပေမယ့် အန္တရာယ် မပျောက်ငြိမ်းပါဘုရား။”


“မင်းတို့ ပရိတ်ရွတ်၊ ကမ္မဝါဖတ်ဖို့ပင့်တဲ့ သံဃာတော်တွေထဲမှာ အမဲသားစားတဲ့ကိုယ်တော်တွေ ပါတယ်ထင်တယ်။ အမဲသားစားတဲ့ ပါးစပ်ကြီးနဲ့ “သုဏာတုမေဘန္တေ သံဃော”လို့ ဖတ်လိုက်တာနဲ့ တပြိုင်နက် ပါးစပ်က နွားသားနံ့ကြီးဟာတစ်ခေါ်လောက်ရောက်အောင် ကင်းထောက်သွားရော။ ဒိအခါ ဘီလူး၊ သဘက်တွေက နွားသားနံ့ကို မီးခိုးလျှောက်လိုက်ကြတော့မှာပေါ့။”


“ဟုတ်ပါတယ်ဘုရား။ တပည့်တော်တို့ပင့်တဲ့ သံဃာတွေထဲမှာ နွားသားစားတဲ့ဘုန်းကြီး ၂-ပါး ပါပါတယ်။ ယခု ပလိပ်ရောဂါကပ်ထဲကို အဲဒီဘုန်းတ်ေကြီး ၂-ပါးလည်း ပါသွားရှာပါပြီဘုရား။”


“အေး-သတိထားကြ။ နောင်ကို ပရိတ်ရွတ်၊ ကမ္မဝါဖတ်ဖို့ သံဃာများကို ပင့်တဲ့အခါ နွားသားစားတဲ့ ဘုန်းကြီးများ မပါစေနဲ့ကွဲ့။”


ထို့နောက် ဆရာတော်ကြီိးသည် နွားသားမစားသော သံဃာတော်များကို ပင့်ဖိတ်စေသည်။ မိမိကိုယ်တော်တိုင် ဦးဆောင်လျက် ထိုသံဃာတော်များနှင့်အတူ အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ပေးတော်မူခဲ့သည်။ ကမ္မဝါဖတ်ပေး တော်မူခဲ့သည်။ အံ့သြဖွယ် ကောင်းလောက်အောင်ပင် စစ်ကိုင်းမြို့၌ ပလိပ်ရောဂါ ကပ်အန္တရာယ်ကြီး အေးငြိမ်းသွားကြောင်း အမှတ်အသားရှိသည်။


ဤကား နွားသားစားခြင်းကို တားမြစ်တော်မူသော လယ်တီဆရာတော်ဘုရားကြီး၏ ခံယူချက်နှင့် ဖြစ်ရပ်မှန်တို့ ဖြစ်ပေသည်။


တိပိဋကဓရ ယောဆရာတော်


Buddhavasa Tiloka

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.