ဖားကန့် နိုဝင်ဘာ ၁၅

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဝေဟင်မှကျလာသည့် ဒုံး(သို့မဟုတ်) ဂြိုဟ်တုအစိတ်အပိုင်း တစ်ခုဟုယူဆရသော ကြီးမားသော သတ္တုထည် အပိုင်းအစကြီးကို ယနေ့ နံနက်ပိုင်းမှစတင်၍ မူလပြုတ်ကျသည့် နေရာ မှ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စတင်ပြောင်းရွှေ့သယ်ယူခဲ့ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

''ဒီသတ္တုထည်ကြီးကို မူလကျလာခဲ့တဲ့နေရာကနေ ဒီနေ့မှာ စတင်ပြောင်းရွှေ့ ပါတယ်။ အဲ့ဒီမူလ ပြုတ်ကျတဲ့နေရာကနေ ဖားကန့်မြို့ နယ်မြေခံတပ်မကို သယ်ဆောင်ပြီးတော့ နောက်နေ့မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သယ်ဆောင်မှာ ဖြစ်ပါတယ်''ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောသည်။

အဆိုပါသတ္တုထည် ပစ္စည်းကြီးသည် အလေးချိန် ငါးတန်ခန့် ရှိသည့်အတွက် မူလပြုတ်ကျသည့် နေရာမှနေ၍ လူအင်အား၊ စက်ယန္တရားများဖြင့် ဝိုင်းဝန်း လုပ်ဆောင်ပြီး ၁ဝ ဘီးယာဉ်ပေါ်သို့ ခက်ခဲစွာ တင်ဆောင်ခဲ့ရကြောင်း သိရသည်။

''ဒီသတ္တုထည်ပစ္စည်းကြီးက ငါးတန်လောက်ရှိတဲ့အတွက် ကားပေါ်ကို နံနက် ၁ဝ နာရီခွဲလောက်မှာ တော်တော်လေးခက်ခက်ခဲခဲနဲ့ တင်ခဲ့တယ်။ ကျွန်တော် တို့ ကျောက်စိမ်းတောင် ကုမ္ပဏီက နေပြီး နယ်မြေခံတပ်ရဲ့ လုံခြုံရေး အကူအညီ ယူပြီး နယ်မြေခံ တပ်မစခန်းကို သယ်ဆောင်ဖို့ လူအင်အား၊ စက်ယန္တရားအင် အားနဲ့ အသုံးပြုပြီး ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့တယ်။ မြစ်ကြီးနားကို သယ်မယ်လို့ သိရတယ်''ဟု ယင်းသတ္တုထည် ပစ္စည်းကြီး သယ်ယူပို့ဆောင်ရာ တွင် ကိုယ်တိုင်လိုက်ပါ တာဝန်ယူခဲ့သူ တစ်ဦးဖြစ်သည့် ကိုမိုးမင်းစံက ပြောသည်။

ဒုံး (သို့) ဂြိုဟ်တုအစိတ်အပိုင်း တစ်ခုဟု ယူဆရသည့် အဆိုပါ သတ္တုထည် ပစ္စည်းကြီးသည် နိုဝင်ဘာ ၁ဝ ရက် နံနက် ၆ နာရီခွဲခန့်က ကျလုံးခင်းကျေးရွာ အုပ်စု မှော်စီစာ ကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာ ခိုင်လုံနှင့် ပြည်တန် ရတနာ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ကြား နေရာ၌ ကျယ်လောင်သော အသံကြီးနှင့် ကောင်းကင်မှ ကျလာခဲ့ခြင်းဖြစ်သည်။ အဆိုပါသတ္တုအပိုင်း အစကြီးသည် အလျား ၁၂ ပေ၊ အချင်း ခြောက်ပေ၊ လုံးပတ် ပေ ၃ဝ ခန့်၊ ခန့်မှန်းအလေးချိန် ငါးတန်ခန့်ရှိပြီး တစ်ဖက်ပိတ်၊ တစ်ဖက်ပွင့်အနေ အထားဖြစ်ကြောင်း သိရသည်။

သတင်း - တင်မောင်လွင် ဓာတ်ပုံ - မိုးမင်းစံ(ဖားကန့်)

0 comments so far,add yours