Saturday, November 26, 2016

thumbnail

လေးစားစရာ သဒ္ဒါ၊တရား မချို့တဲ့ ကျွန်တော်တို့ ပခုက္ကူမြို့

ပခုက္ကူမြို့သို့ ရောက်ရှိလာသူတိုင်း ဆေးရုံကြီးအနီးက အဖြစ်အပျက်ကို မြင်တွေ့ရရင် အံသြရသည်။ ချီးကျူးကြသည်။ သာဓု ခေါ်ကြသည်။ နံနက် ၁၁ နာရီဆိုလျှင် ဆေးရုံတက်နေသည့် လူနာများ ကိုယ်တိုင် သော်လည်းကာင်း ၊ လူနာစောင့်များ သော်လည်းကောင်း ထမင်းနှင့်ဟင်းထည့်ရန် ချိုင့်များကို ယူဆောင်ပြီး ဆေးရုံကြီး နံဘေးက အာဟာရဒါန ပြုသည့်နေရာသို့ ရောက်ရှိလာသည်။

ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားသော ထမင်းနှင့် ဟင်းလျာများကို ယူဆောင်ပြီး ဆေးရုံတွင်းသို့ ပြန်သွားကြသည်။  ညနေ ၅ နာရီခန့် ရောက်ရင်လည်း ထို့အတူပင်။ တစ်ခါတစ်ရံ နံနက်ခင်းများတွင်လည်း လှူဒါန်းမှုပြုနေသည်။ သေချာသည်က နေ့လယ်စာနှင့် ညစာ။

၎င်းအဖြစ်အပျက်သည်ကား ပခုက္ကူ မြို့ရှိ အာယုသုခ လူမှုရေးအသင်းမှ ပခုက္ကူ  ဆေးရုံကြီးသို့ တက်ရောက်နေသည့် လူနာများအား အာဟာရဒါန ပြုခြင်းပင်ဖြစ်သည်။

လွန်ခဲ့သော တစ်နှစ်ကျော်ကျော် ကာလတစ်ခုရဲ့ ညနေခင်းဆီမှာ ပခုက္ကူ ဆေးရုံကြီးသို့  တက်ရောက် ဆေးကုသမှု ခံနေသည့် လူနာ မိသားစု၏ အဘွားအိုသည် ငွေ ၂၀၀ ကျပ်နှင့် ညနေစာကို ၀ယ်ခြမ်း၍ မရဖြစ်ခဲ့သည်။

လက်ထဲပါလာတဲ့ ငွေကြေးအရလည်း ထမင်းနဲ့ဟင်း မ၀ယ်နိုင်။ တစ်နယ်တစ်ကျေးက လာတာမို့ ဘယ်ဆီကို သွားဝယ်ရမည် မသိ။ ထိုအခြင်းအရာကို မြင်တွေ့ခဲ့သည့် “အာယုသုခ” လူမှုကူညီရေး အသင်းမှ ဆရာတော် ဦးပညာဇောတကနေ မဟာဝိသုတရာမ ကျောင်းတိုက် (အလယ်တိုက်) ဆရာတော်ကြီး ဦးဝိစာရကို ဒကာ၊ ဒကာမများရဲ့ အခက်အခဲကို လျှောက်ထားသည်။

ဆရာတော်ကြီးက ဆန်၊ ဆီကို ပေးလှူ၍ ပခုက္ကူဆေးရုံသို့ တက်ရောက်နေသည့် လူနာရဲ့ ညနေစာ အခက်အခဲကို ဖြေရှင်းပေးရာကနေ ညနေစာကုသိုလ်ပြု ဖြစ်ပေါ်လာခဲ့ပါတယ်။

ညနေစာ ကုသိုလ် စတင်ချိန်တွင် ရေရှည်ရပ်တည်ဖို့ ခက်ခဲမှာပဲလို့ အတော်များများ တွေးထင်ခဲ့သည်။ အခက်အခဲများလည်း ကြုံခဲ့ရသည်။ အချို့ရက်များတွင် ကုသိုလ်ရှင်များ ပေါ်ပေါက်ခဲ့သည်။ အချို့ရက်များတွင် ကုသိုလ်ရှင် မရှိ ။ ထိုရက်မျိုးတွင် အသင်းမှပင် စိုက်ထုတ်၍ ကုသိုလ်ပြုရသည်။

အချိန်တွေ ကြာလာသည်နှင့်အမျှ အခမဲ့ညနေစာ မြင်ကွင်းသည် မြို့သူမြို့သားများနဲ့ ပြည်သူအများကို ၀မ်းသားမှုတွေ ပေးနိုင်ခဲ့သည်။ ထိုကြောင့်ပင် သဒ္ဒါတရား ထက်သန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ညနေစာမှသည် နံနက်စာ၊ နေ့လယ်စာများထိ လုပ်ဆောင်နိုင်ခဲ့သည်။ တချို့သည် မြင်ကွင်းကို ကြည်နူးပြီး လှူဒါန်းကြသည်။

အချို့သည် မွေးနေ့ အမှတ်တရအဖြစ်၊ တချို့က ကွယ်လွန်သူများကို ရည်စူးပြီးလည်း လှူဒါန်းကြသည်။ နေကုန်စာ အာဟာရဒါနဟာ ဆေးရုံတက် လူနာတွေထဲက မြို့ခံတွေနဲ့ ငွေကြေး တတ်နိုင်သူတွေအတွက် မက်မောစရာ မဟုတ်ရင်တောင် နယ်အဝေးက လာတဲ့သူတွေ အတွက်တော့ နတ်သုဓာပါ။

လွန်ခဲ့သော တစ်နှစ်ကျော်က သုံးဘီး ဆိုင်ကယ်လေးဖြင့် ဟင်းအိုး ထမင်းအိုးတွေကိုတင်ပြီး လာရပါတယ်။ လှူဒါန်းမယ့် နေရာရောက်မှ ခုံတွေခင်းရတယ်။ အခုတော့ အဲလို မဟုတ်တော့ပါ။ မိုးလေလုံသည့် အဆောက်အအုံလေးတစ်ခု လုပ်ဆောင်ခဲ့ပြီး ထမင်းတွေ ဟင်းတွေကို အဲဒီ အဆောက်အအုံလေးထဲနေ ဝေငှနိုင်လာပါတယ်။

အရင်က ညနေစာ သီးသန့်ဆိုတော့ နေကျချိန် ဖြစ်တဲ့အတွက် အပူဒဏ်ကို လွတ်ပါတယ်။ အခု နေကုန်ဆိုတော့ အပူဒဏ်က မလွတ်ပါ။ သည်အတွက်လည်း ခမောက်လှူဒါန်းသည့် ကုသိုလ်ရှင်တွေ ရှိလာပါတယ်။ ထမင်းနဲ့ဟင်း
လာယူသူတွေက နေပူရင်ပဲဖြစ်ဖြစ် မိုးရွာရင်ပဲဖြစ်ဖြစ် အသင့်ရှိတဲ့ ခမောက်တွေကို လိုက်ဝေပါတယ်။ကိုယ့်အလှည့် ထမင်းနဲ့ဟင်း ယူပြီးရင်တော့ ခမောက်တွေကို နေရာတကျ ပြန်စီထပ်ရုံပါပဲ။

အရင်ကတော့ ပခုက္ကူ ဆေးရုံဆိုတာ အနီးအနား ကျေးရွာတွေက ဒေသခံတွေလောက်ပဲ လာတက်ပါတယ်။ နောက်ပိုင်း အနီးအနား မြို့တွေထက် ဆရာဝန်အင်အား များလာတာကြောင့် တက်ရောက် ကုသတဲ့ လူနာလည်း များလာပါတယ်။ တချို့ဆိုရင် ဝေးလံလှတဲ့ ဒေသတွေကနေ လာကြရတာဆိုတော့ ပခုက္ကူမှာ အသိအကျွမ်း မရှိကြပါဘူး။

ဒါကြောင့် အစားအသောက်ကစ ကျန်းမာရေးကိစ္စအဆုံး အဆင်ပြေဖို့ဆိုတာ မလွယ်ပါဘူး။ နေ့စဉ် ၀ယ်စားဖို့ကလည်း ကုန်ကျစရိတ် များလွန်းတော့ ပင်ပန်းပါတယ်။ အခုလို သုံးနပ်စာလုံးကို ကုသိုလ်ပြုတွေ ပေါ်ပေါက်လာတော့ လူနာတွေအတွက် တစ်နယ်တစ်ကျေးမှာ အားကိုးရာ ဆွေမျိုးရှိလာတာနဲ့ အတူတူပါပဲ။

ရပ်ဝေးမှ ဆေးလာရောက် ကုသမှု ခံယူနေသည့် ကိုထွန်းဝင်းက “ယောထဲက လာတာဆိုတော့ ပခုက္ကူမှာ မရှိပါဘူး။ စားရေးသောက်ရေး အတော်ခက်ပါတယ်။ ပထမတော့ ဒီမှာ ထမင်းနဲ့ဟင်း ယူလို့ရမှန်း မသိဘူး။ သူများတွေ ထွက်သွားပြီး ဟင်းတွေ ထမင်းတွေ ယူလာမှသိတာ။ သူတို့နဲ့လိုက်ပြီး ထမင်းနဲ့ဟင်း လိုက်ယူတယ်။ ကောင်းကောင်းမွန်မွန် ချက်ပြုတ်ထားတော့ စားရတဲ့သူမှာ အတော်အဆင်ပြေပါတယ်။ သာဓုလည်း ခေါ်ပါတယ်။ ကိုယ်နေကောင်းလို့ ဆေးရုံက ဆင်းပြီးရင် ကိုယ်တိုင် လာလှူဖို့ ကြိုးစားမှာပါ” ဟု ပြောပြသည်။

တစ်နေကုန်စာ အာဟာရဒါန ဖြစ်ဖို့အတွက် ငွေကြေးတစ်ခုတည်းနဲ့ မရပါဘူး။ လုပ်အား ကုသိုလ်ရှင်တွေလည်း လိုပါတယ်။ ချက်တဲ့ပြုတ်တဲ့ နေရာမှာ တကယ်ကို စေတနာရှင်တွေကိုယ်တိုင် လာရောက် ချက်ပြုတ်ပေးလို့ အဆင်ပြေတာ ဆိုရင်လည်း မမှားပါဘူး။ ချက်ပြုတ်ဖို့ လူငှားရင် ရနိုင်ပေမယ့် စေတနာကတော့ ငှားမရပါဘူး။ ကိုယ်တိုင် လုပ်အားပေး ချက်ပြုတ်ပေးတဲ့ သူတွေကြောင့်လည်း အလှူရှင်တွေ တတ်နိုင်တဲ့ ငွေကြေးနဲ့ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပေးနိုင်တာပါ။ လုပ်အား စေတနာရှင်များကြောင့်လည်း နေ့လယ်စာနဲ့ ညစာကို ထမင်း၊ အသားဟင်း၊ အရန်ဟင်းများနဲ့ စီစဉ်ပေးနိုင်တာ ဆိုရင်လည်း မမှားပါဘူး။

ဦးဆောင်ဆရာတော် ဦးပညာဇောတကလည်း “မနက်ခင်း ကုသိုလ်ရှင်ရှိရင် ချက်ရတဲ့ သူတွေမှာ မလွယ်လှဘူး။ တစ်နေကုန် နားရတယ် မရှိဘူး။ မနက်စာချက်ပြီး နေ့လယ်စာပြင်။ နေ့လယ်စာပြီးရင် ညစာပြင်နဲ့
ဆက်တိုက် လုပ်ကြရတယ်။ စေတနာကို အရင်းခံပြီး ချက်ကြပြုတ်ကြလို့သာ ဒီလောက် လုပ်နိုင်ကြတာ။ ဦးဇင်းတို့က အလှူရှင်တွေ လှူဒါန်းမှုပေါ် မူတည်ပြီး ချက်ပေးတယ်။ ခြောက်သောင်းနဲ့ နေ့လယ်စာ စီစဉ်ပေးပါဆိုလည်း ဖြစ်အောင် လုပ်ပေးတာပဲ။ လှူဒါန်းပြီးသားရှိတဲ့ ဆန်ကို သုံးတယ်။ အလှူရှင် လှူတဲ့ငွေနဲ့ အသားဟင်းနဲ့ အရန်ဟင်းဖြစ်အောင် လုပ်ပေးတယ်။ ပထမတော့ အတော် ကြိုးစားခဲ့ရပါတယ်။ ခုတော့ အလှူရှင်တွေလည်း မပြတ်သလောက် ပါပဲ” ဟု မိန့်ကြားသည်။

ဆေးရုံကြီးတွင် လူနာများအတွက် ဆေးဝါးများကို အခမဲ့ လုပ်ဆောင် ပေးနေပေမယ့် ဆင်းရဲလှတဲ့ တိုင်းသူပြည်သားတွေအတွက် လူမှုရေး အသင်းတွေဟာ အမှန်တကယ် အားကိုးအားထား ပြုရာနေရာတွေ ဖြစ်လာခဲ့ပါတယ်။ အောက်ဆီဂျင်ဘူး ငှားဖို့ဆိုလည်း လူမှုရေး အသင်းတွေကို အားကိုးရပါတယ်။ သွေးလိုပြီဆိုလည်း လူမှုရေး အသင်းတွေပါ။ လူနာ အခြေအနေအရ အဆင့်မြင့် တိုင်းဆေးရုံကြီးဆီ ရွှေ့ပြောင်းဖို့ လိုလာပြီ ဆိုရင်လည်း လူမှုရေး အသင်းက လူနာတင်ကားတွေပဲ အားကိုးရပါတယ်။

ကုန်ကုန်ပြောရရင် ဆေးကုလို့ ဆုံးပါးသွားရင်လည်း နေရပ်ပြန်သယ်ဖို့ ကားက လူမှုရေး အသင်းကားတွေပါပဲ။ ပြည်သူကို အစိုးရက မစောင့်ရှောက်နိုင်တဲ့ မြန်မာပြည်သူတွေအတွက် ခုနောက်ပိုင်း ပြည်သူကို ပြည်သူချင်း စောင့်ရှောက်တဲ့ အဖွဲ့တွေ တဖွဲဖွဲ ပေါ်ပေါက် အောင်မြင်လာတာဟာ ဆင်းရဲသား များပြားလှတဲ့ ကိုယ့်နိုင်ငံသူ၊ သားအတွက် အားတက်စရာ ကောင်းလှပါတယ်။

နေရောင်ခြည် ထွက်ပေါ်စ နံနက် ၇ နာရီခန့်မှာပဲ ငြိမ့်ညောင်းလှတဲ့ တေးသံများ ထွက်ပေါ်ရာ အခမဲ့ အာဟာရဒါန လှူဒါန်းရာ နေရာလေးဆီကို လူနာတွေ လူနာစောင့်တွေ ရောက်ရှိလို့ လာပါတယ်။ လှူဒါန်းမယ့် စေတနာရှင်တွေလည်း ရောက်ရှိလို့ လာချိန်မှာ လှူဒါန်းမှုဟာ စတင်လို့ နေပါပြီ။ ထမင်းဟင်း လာယူသူတွေဆီက ကျေးဇူးတင် စကားသံဟာ ဝေစည်နေပြီး လှူဒါန်းသူတွေရဲ့ မျက်နှာမှာလည်း အပြုံးတွေ အပြည့်ပါ။

ယနေ့ နံနက်စာ လှူဒါန်းသည့် ကုသိုလ်ရှင် နေရာမှာ ရေးသားထားတာက “၂၀၀၄ ခုနှစ် ပခုက္ကူ  တက္ကသိုလ် သင်္ချာ သူငယ်ချင်းများ”။ သူငယ်ချင်းဟောင်းများရဲ့ ပြန်လည် ဆုံတွေ့မှုကို ကုသိုလ်ကောင်းမှုနှင့် စတင်ခဲ့သူများအား ကျွန်တော် သာဓုခေါ်မိ နေပါတော့တယ်။

Writer:
သက်ထိန်ဝင်း (ပခုက္ကူ)

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.